သုတ္တနိပါတ်ပါဠိတော်
၃-ဒုဋ္ဌဋ္ဌကသုတ်
၇၈၇။ အချို့သောသူတို့သည် (မြတ်စွာဘုရားနှင့် တပည့်သာဝကကို) ပြစ်မှား လိုစိတ် ရှိကုန်သည်ဖြစ်၍စွပ်စွဲကြကုန်၏။ အချို့သူတို့ကားမှန်ကန်သည်ဟုမှတ် ထင်ကြကုန်သည်ဖြစ်၍ စွပ်စွဲကြကုန်၏။ (သို့ ဖြစ်သော်လည်း) မြတ်စွာဘုရားအား တစ်စုံတစ်ခုမျှ ရာဂ ဒေါသ မောဟငြောင့်တံသင်းမရှိသောကြောင့် မြတ်စွာဘုရားသည် ဖြစ်ပေါ်လာသမျှသော စွပ်စွဲမှုသို့ မရောက်နိုင်သည်သာတည်း။ (၁)
၇၈၈။ ဒိဋ္ဌိအယူသည် ဆွဲဆောင်အပ်သည်ဖြစ်၍ ဒိဋ္ဌိအယူ၌ သက်ဝင်ကာကိုယ်တိုင် ဒိဋ္ဌိအယူတို့ကို အပြည့်အစုံ ယူဆပြုလုပ်လျက် သိမြင်သမျှ ပြောဆိုသူသည် မိမိမိစ္ဆာ အယူကို အဘယ်မှာလျှင်ကျော်လွန်နိုင်ရာအံ့နည်း။ (၂)
၇၈၉။ အကြင်သူသည် မိမိ၏ သီလနှင့်အကျင့်တို့ကို မမေးပါဘဲလျက် သူတစ်ပါးတို့အား ပြောဆို၏။ အကြင်သူသည်ကား မိမိ (အကြောင်းအရာ) ကို ကိုယ်တိုင်ပင် ပြောဆို၏။ ထိုပြောဆိုခြင်းဟူသမျှကို ့သူယုတ်မာတို့သဘောဟူ၍ ပညာရှိတို့ ဆိုကြကုန်၏။ (၃)
၇၉ဝ။ လောက၌ အကြင်ရဟန်းသည် ကိလေသာငြိမ်းအေးသူ ကိလေသာ ငြိမ်းအေးသော စိတ်ရှိသူဖြစ်လျက် ငါသည် သီလတို့၌ တည်သူဟု မကြုံးဝါး မပြောဆို၊ အကြင်ရဟန်းအားသံသရာပွါးစီးကြောင်း ကိလေသာတို့ အနည်းငယ်မျှ မရှိကုန်၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးကို သူတော်ကောင်းသဘောဟူ၍ ပညာ ရှိတို့ ဆိုကြကုန်၏။ (၄)
၇၉၁။ အကြင်ပုဂ္ဂိုလ်အား အမျိုးမျိုးကြံစည်လျက် ပြုစီရင်အပ်ကုန်သော (မိစ္ဆာ ဒိဋ္ဌိလျှင်) ရှေးသွားရှိသဖြင့် မဖြူစင်ကုန်သော (မိစ္ဆာ) တရားတို့သည် ရှိကုန်၏။ ထိုသူသည် မိမိ၌ တွေ့မြင်ရသော အကျိုးအာနိသင်နှင့် အယူပျက်စီးမှု 'ကုပ္ပ' အကြောင်းကို စွဲ၍ ဖြစ်သော 'ပဋိစ္စ' သမုတ်အပ်သော 'သန္တိ'ဟု ခေါ်ဆိုရသော မိစ္ဆာအယူကိုမှီ၏။ (၅)
၇၉၂။ ဒိဋ္ဌိအယူရှိသူတို့သည် ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့၌ စွဲမြဲယူဆအပ်သော ဒိဋ္ဌိအယူကို ဆုံးဖြတ်ပြီးသောကြောင့်မှားသော နှလုံးသွင်းယူဆမှုတို့ကို မလွန်မြောက်နိုင်ကုန်၊ ထို့ကြောင့် သတ္တဝါသည် ထိုဒိဋ္ဌိအယူကို နှလုံးသွင်း ယူဆခြင်းတို့၌ ဒိဋ္ဌိတရားကို စွန့်လည်းစွန့်၏ ယူလည်းယူ၏။ (၆)
၇၉၃။ တစ်စုံတစ်ခုသော လောက၌ မိစ္ဆာဒိဋ္ဌိအယူအားလုံးကို ခါတွက် ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်အားဘဝကြီးငယ်တို့၌ အမျိုးမျိုး ကြံစည်အပ်သော မိစ္ဆာ အယူသည် မရှိ၊ တဏှာဒိဋ္ဌိကို မမှီသော ထိုမိစ္ဆာအယူအားလုံးကို ခါတွက်ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်သည် လှည့်ပတ်မှု 'မာယာ'ကိုလည်းကောင်း၊ ထောင်လွှားမှု 'မာန'ကိုလည်းကောင်း ပယ်စွန့်ပြီး၍ အဘယ်လားရာ 'ဂတိ'ဖြင့် သွားရာအံ့နည်း။ (၇)
၇၉၄။ အကြောင်းသော်ကား တဏှာဒိဋ္ဌိကိုမှီသူသည် ရာဂကြီးသူ ဒေါသကြီးသူဟူသော သဘောတရားတို့၌ ပြောဆိုစွပ်စွဲခံရ၏။ တဏှာဒိဋ္ဌိကို မမှီသော ရဟန္တာ ပုဂ္ဂိုလ်ကို အဘယ်မည်သော ရာဂဒေါသတရားဖြင့် အဘယ်သို့ ဆိုနိုင်ရာအံ့နည်း၊မှန်၏- ထိုရဟန္တာပုဂ္ဂိုလ်အား အတ္တဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိမရှိ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ဤအတ္တဘော၌ပင် ဒိဋ္ဌိအယူအားလုံးကို ခါတွက်ပစ်လွှင့်ပြီးပြီ။ (၈)
သုံးခုမြောက် ဒုဋ္ဌဋ္ဌကသုတ် ပြီး၏။