သုတ္တနိပါတ်ပါဠိတော်

၁-ကာမသုတ်

၇၇၃။ ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏။ (၁)

၇၇၄။ ကာမကို အလိုရှိသည်ဖြစ်၍ လိုလားတောင့်တမှု ဖြစ်ပေါ်နေသော ထို သတ္တဝါအား ထိုကာမတို့ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။ (၂)

၇၇၅။ မြွေ၏ ဦးခေါင်းကို (မိမိ၏) ခြေဖြင့် ရှောင်ဖယ်သွားသကဲ့သို့ အကြင်သူသည် ကာမတို့ကို ရှောင်ဖယ်၏။ သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု 'တဏှာ'ကို ကောင်းစွာလွန်မြောက်နိုင်၏။ (၃)

၇၇၆-၇၇၇။ အကြင်သူသည် လယ်ယာ မြေ အိမ်ရာ ရွှေ ငွေ နွား မြင်း ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြားကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏။အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏။ ထိုထိုဘေးရန်တို့ နှိပ်စက်ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိသကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ်လိုက်နေတော့၏။ (၄-၅)

၇၇၈။ ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါ ခပ်သိမ်း ရှောင်ကြဉ်ရာ၏။ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွားသကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ သြဃလေးဖြာသံသရာကို ကူးမြောက်ရာ၏။ (၆)

ရှေးဦးစွာသော ကာမသုတ် ပြီး၏။