သံယုတ္တနိကာယ်—၃၅

၃—သဗ္ဗဝဂ်

၅—ဒုတိယ အပရိဇာနနသုတ်

၂၇။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိ သေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်းတည်း။

ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့လည်းကောင်းတည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။