သံယုတ္တနိကာယ်—၁၁
၂—ဒုတိယဝဂ်
၈—ဂဟဋ္ဌ္ဓဝန္ဒနာသုတ်
၂၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤတရာစကားကို မိန့်တော်မူ၏ — ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာအရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဉ် မြေသို့ သွားကုန်အံ့”ဟု ဆို၏၊ “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား လျှောက်၏— “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ သွားရန်အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်း သက်သည် ရှိသော် လက်အုပ်ချီ၍ အရပ်လေးမျက်နှာတို့ကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ၌ အကူအညီဖြစ် သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ် ဆို၏—
“သိကြား မင်း ဗေဒင် သုံး ပုံတတ် သူ ဗြာဟ္မဏတို့ သည်လည်းကောင်း၊ မြေ၌ နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီး လေး ယောက်တို့သည်လည်းကောင်း၊ များသော အခြံအရံရှိသော တာဝတိံသာနတ်တို့ သည်လည်းကောင်း အရှင်သိကြားမင်းကို ရှိခိုးကုန်၏။ သိကြားမင်း ထိုသို့ ဖြစ်ပါ လျက် အရှင်သိကြားမင်း ရှိခိုးသော နတ်မင်းကြီးသည်ကား အဘယ်မည်သော နတ်မင်းပါနည်း”ဟု (ရွတ်ဆို၏)။
“မာတလိ ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည်လည်းကောင်း၊ မြေ၌ နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီး လေး ယောက်တို့သည်လည်းကောင်း၊ များသော အခြံအရံရှိကုန်သော တာဝတိံသာနတ်တို့သည်လည်းကောင်း ငါ့ကို ရှိခိုးကြကုန်၏။
ငါသည်ကား သီလနှင့် ပြည့်စုံကုန်သော၊ ရှည်စွာသော ညဉ့်တို့ပတ်လုံး တည် ကြည်ခြင်းရှိကုန်သော၊ မြတ်သောအကျင့်လျှင် လဲလျောင်းရာရှိကုန်သော ရဟန်းတော်တို့ကို ကောင်းစွာ ရှိခိုး၏။
မာတလိ အကြင်သူတို့သည် အိမ်၌ တည်ကုန်၍ ကောင်းမှုကို ပြုကုန်၏၊ သီလရှိ ကုန်၏၊ ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ တရားနှင့် အညီ သားမယားကို မွေးမြူကုန်၏၊ ထိုသူတို့ကို (ငါသည်) ရှိခိုး၏”ဟု (မိန့်ဆို၏)။
“သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း (အရှင်သိကြားမင်းသည်) အကြင်သူတို့ ကို ရှိခိုး၏၊ ထိုအရှင်သိကြားမင်း ရှိခိုးသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု ပြောဆို၏။
“မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ အရပ်လေးမျက်နှာတို့ကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏”။