သံယုတ္တနိကာယ်—၁ဝ

၁ဝ—ဒုတိယသုက္ကာသုတ်

၂၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဥပါသကာတစ်ဦးသည် သုက္ကာဘိက္ခုနီမအား စားဖွယ်ကို လှူ၏၊ ထိုအခါ သုက္ကာဘိက္ခုနီမ၌ အလွန်ကြည်ညိုသော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမ တစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—

“အကြင်ဥပါသကာသည် သုက္ကာဘိက္ခုနီမအား အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’တို့မှ ကင်းလွတ်ခြင်းငှါ စားဖွယ်ကို ပေးလှူ၏၊ ဤဥပါသကာသည် များစွာသော ကောင်းမှုကို ပွားစေ၏တကား၊ ပညာရှိပေစွတကား”ဟု (ရွတ်ဆို၏)။