ဣတိဝုတ်ပါဠိတော်
၈-မောနေယျသုတ်
၆၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ကာယမောနေယျ၊ ဝစီမောနေယျ၊ မနောမောနေယျတို့တည်း။ ရဟန်းတို့ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ကာယဒုစရိုက်ကို ပယ်ဖျက်မှု ဝစီဒုစရိုက်ကို ပယ်ဖျက်မှု မနောဒုစရိုက်ကို ပယ် ဖျက်မှုရှိသော မဂ်ရေစင်ဖြင့် မကောင်းမှုကို ဆေးကြောပြီးသော မြင့်မြတ်သော မောနေယျတရားနှင့် ပြည့်စုံသော အာသဝေါမရှိသူ ရဟန္တာကို မုနိဟူ၍ ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
အဋ္ဌမသုတ်။