အင်္ဂုတ္တရနိကာယ်

(၉) ၄-သတိဝဂ်

၆-ယသသုတ်

၈၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ကောသလမင်းသားတို့၏ ဣ စ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၏။ မြတ်စွာဘုရားသည် ထိုဣ စ္ဆာနင်္ဂလရွာ (အနီး) ဣ စ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။ ဣ စ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် သတင်းစကားကြားကြကုန်၏— “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣ စ္ဆာနင်္ဂလ ရွာသို့ ကြွရောက်တော်မူ၍ ဣ စ္ဆာနင်္ဂလရွာအနီး ဣ စ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ — ထိုမြတ်စွာဘုရား သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။ပ။ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်)တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်းဟု (ကြားကြကုန်၏)။

ထိုအခါ၌ ဣ စ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ထိုညဉ့်လွန်သော အခါ၌ များစွာသော ခဲဖွယ်စားဖွယ်ကို ယူကုန်၍ ဣ စ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကုန်ပြီးလျှင် အပြင်ဘက်တံခါးမုခ်၌ ပြင်းပြကျယ်လောင်သော အသံရှိကုန်သည်ဖြစ်၍ တည်နေကုန်၏။ ထိုစဉ်အခါ၌ အသျှင်နာဂိတသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နာဂိတကို—နာဂိတ ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်းဟု မေးတော်မူ၏။

အသျှင်ဘုရား ဤသူတို့ကား ဣ စ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ပါတည်း၊ များစွာသော ခဲဖွယ်ဘောဇဉ်ကို ယူ၍ အပြင်ဘက်တံခါးမုခ်၌ မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ရည်မှန်းပြီးလျှင် တည်နေကြပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်း ငါနှင့်အတူ မဆက်ဆံစေလင့်၊ နာဂိတ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဤကာမဂုဏ်မှ ထွက် မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း မရနိုင်သူသည် မစင်ကြယ်မှု ‘ကာမ’ ချမ်းသာ၊ ငိုက်မျဉ်းမှု ‘မိဒ္ဓ’ ချမ်းသာ၊ လာဘ်ပူဇော်သကာ (အကျော်အစော) ချမ်းသာကို သာယာ (ခံစား) ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ အသျှင်ဘုရား ယခုအခါသည်ကား မြတ်စွာဘုရား၏ သည်းခံဖို့ရာ အခါပါတည်း၊ အသျှင်ဘုရား အခုအခါ၌ နိဂုံးသူ့နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရား ကြွတော်မူလေရာရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ကြပါလိမ့်မည် အသျှင်ဘုရား၊ မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးကျကြကုန်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် ယခုအခါ၌ နိဂုံးသူနိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရား ကြွတော်မူလေ ရာရာ အရပ်သို့လျှင် စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ကြပါလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ အသျှင်ဘုရား မြတ်စွာဘုရား၏ သီလ ပညာတော်သည် ထိုသို့ ကြီးမားတော်မူခြင်း ကြောင့် ဖြစ်ပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ အကျော်အစောသည်လည်း ငါနှင့် မဆက်ဆံစေလင့်၊ နာဂိတ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဤ (ကာမဂုဏ်) မှ ထွက် မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းမရနိုင်သူသည် မစင်ကြယ်မှု ‘ကာမ’ ချမ်းသာ၊ ငိုက်မျဉ်းမှု ‘မိဒ္ဓ’ ချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာ (ခံစား) ရာ၏။ နာဂိတ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော (ကာမဂုဏ်) မှ ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း မရနိုင်ကုန်သော နတ်အချို့တို့သော်လည်း သာယာခံစားကုန်ရာ၏။ နာဂိတ စုရုံးပေါင်းဆုံ၍ ဂိုဏ်းဖွဲ့နေခြင်းကို အားထုတ်၍ နေကုန်သော သင်တို့အားသော်လည်း “အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဤ (ကာမဂုဏ်) မှ ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို ဤအသျှင်တို့သည် အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း မရကြလေယောင်တကား။ ထို့ကြောင့်ပင် ဤအသျှင်တို့သည် စုရုံးပေါင်းဆုံ၍ ဂိုဏ်းဖွဲ့နေခြင်းကို အားထုတ်နေကုန်၏”ဟု (စိတ်အကြံဖြစ်နိုင်၏)။

နာဂိတ ငါသည် ဤသာသနာတော်၌ အချင်းချင်း ချိုင်းထိုးခြင်းဖြင့် ပြင်းစွာရယ်ကြ ပြင်းစွာ မြူးထူးကြသော ရဟန်းတို့ကို တွေ့မြင်ရ၏။ နာဂိတ ထိုငါ့အား “အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသော (ကာမဂုဏ်တို့မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်း အေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ချမ်းသာကို ဤအသျှင်တို့သည် အလိုရှိတိုင်း မငြိုမငြင် မပင် မပန်း မရကြလေယောင်တကား။ ထို့ကြောင့်ပင် ဤအသျှင်တို့သည် အချင်းချင်း ချိုင်းထိုး ကစားခြင်းတို့ဖြင့် ပြင်းစွာရယ်ကုန် ပြင်းစွာမြူးထူးကုန်၏”ဟု (စိတ်အကြံဖြစ်၏)။ (၁)

နာဂိတ ဤသာသနာတော်၌ ငါသည် အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှု ‘သေယျ’ ချမ်းသာ၊ (ဝဲယာ) နံတောင်း ပြောင်းလှည့်အိပ်မှု ‘ပဿ’ ချမ်းသာ၊ ငိုက်မျဉ်းမှု ‘မိဒ္ဓ’ ချမ်းသာကို အားထုတ်လျက် နေကြသော ရဟန်းတို့ကို တွေ့မြင်ရ၏။ နာဂိတ ထိုငါ့အား “အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဤ (ကာမဂုဏ်တို့မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှုူ ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို ဤအသျှင်တို့သည် အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း မရကြလေယောင်တကား။ ထို့ကြောင့်ပင် ဤအသျှင်တို့သည် အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှု ‘သေယျ’ ချမ်းသာ၊ (ဝဲ ယာ) နံတောင်း ပြောင်းလှည့် အိပ်မှု ‘ပဿ’ ချမ်းသာ၊ ငိုက်မျဉ်းမှု ‘မိဒ္ဓ’ ချမ်းသာကို အားထုတ်လျက် နေကုန်၏”ဟု (စိတ်အကြံဖြစ်၏)။ (၂)

နာဂိတ ငါသည် ဤသာသနာတော်၌ တည်ကြည်စွာ ထိုင်သော ရွာနီးကျောင်းနေ ရဟန်းကို မြင်ရ၏။ နာဂိတ ထိုငါ့အား “ယခုအခါ၌ ဤအသျှင်ကို အရံစောင့်သည်လည်းကောင်း၊ သာမဏေသည်လည်းကောင်း လုပ်ကျွေးလိမ့်မည်၊ ထိုရဟန်းကို ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်”ဟု ဤသို့ စိတ် အကြံဖြစ်၏။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ဝမ်းမမြောက်။ (၃)

နာဂိတ ငါသည် ဤသာသနာတော်၌ တောအရပ်ဝယ် မျက်တောင်တစ်လှုပ်လှုပ် ငိုက်မျဉ်းလျက် ထိုင်နေသော တောကျောင်းနေ ရဟန်းကို မြင်ရ၏။ နာဂိတ ထိုငါ့အား “ယခုအခါ၌ ဤအသျှင်သည် ဤငိုက်မျဉ်းမှုကြောင့်ဖြစ်သော ပင်ပန်းခြင်းကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်သညာကိုသာလျှင် နှလုံးသွင်းပေလိမ့်မည်”ဟု ဤသို့ စိတ်အကြံဖြစ်၏။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ဝမ်းမြောက်မိ၏။ (၄)

နာဂိတ ငါသည် ဤသာသနာတော်၌ တောအရပ်ဝယ် မတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေ ရဟန်းကို မြင်ရ၏။ နာဂိတ ထိုငါ့အား “ယခုအခါ ဤအသျှင်သည် မတည်ကြည်သော စိတ်ကိုလည်း တည်ကြည်စေလိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်းစောင့်ရှောက်လိမ့်မည်”ဟု ဤသို့ စိတ်အကြံဖြစ်၏။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ဝမ်းမြောက်မိ၏။ (၅)

နာဂိတ ငါသည် ဤသာသနာတော်၌ တောအရပ်ဝယ် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေ ရဟန်းကို မြင်ရ၏။ နာဂိတ ထိုငါ့အား “ယခုအခါ ဤအသျှင်သည် မလွတ် မြောက်သော စိတ်ကိုလည်း လွတ်မြောက်စေလိမ့်မည်၊ လွတ်မြောက်ပြီးသော စိတ်ကိုလည်းစောင့်ရှောက် ပေလိမ့်မည်”ဟု ဤသို့ စိတ်အကြံဖြစ်၏။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းအား တောကျောင်း နေမှုဖြင့် ဝမ်းမြောက်မိ၏။ (၆)

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်တို့ကို ရသော ရွာနီးကျောင်းနေ ရဟန်းကို မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်၏၊ တောစွန်ဖြစ်သော ကျောင်းတို့ကို စွန့်၏၊ ရွာ နိဂုံး မင်းနေပြည်သို့ ဝင်ရောက်နေ၏။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းတို့အား ရွာနီးကျောင်း၌ နေမှုဖြင့် ဝမ်းမမြောက်။ (၇)

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်တို့ကို ရသော တောကျောင်းနေ ရဟန်းကို မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို စွန့်ပစ်ပယ်ရှား၍ တစ်ယောက်တည်း ကိန်းအောင်းနေမှုကို မစွန့်။ တောစွန်ဖြစ်သော ကျောင်းတို့ကို မစွန့်။ နာဂိတ ထို့ကြောင့် ငါသည် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ဝမ်းမြောက် မိ၏။ (၈)

နာဂိတ အကြင်အခါ၌ ခရီးရှည်သွားသော ငါသည် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်ဦး တစ်ယောက်ကိုမျှ မတွေ့မမြင်ရ၊ နာဂိတ ထိုအခါ၌ ငါ့အား အယုတ်သဖြင့် ကျင်ကြီးကျင်ငယ်ကို စွန့်ရန်ပင် ချမ်းသာ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။