အင်္ဂုတ္တရနိကာယ်

၁-မေတ္တာဝဂ်

၄-ဒုတိယ အပ္ပိယသုတ်

၄။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူ လည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေ တတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လာဘ်ကိုလည်း လို့လား၏၊ အရိုအသေပြုမှုကိုလည်း လိုလား၏၊ (မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုမှုကိုလည်း လိုလား၏၊ အခါကာလကိုလည်း မသိတတ်၊ အတိုင်းအရှည်ကိုလည်း မသိတတ်၊ စင်ကြယ်လည်း မစင်ကြယ်၊ စကားလည်း များ၏၊ သီတင်းသုံးဖော်တို့ကိုလည်း ဆဲရေးကြိမ်းမောင်းတတ်၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူလည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ်သူလည်း ဖြစ်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လာဘ်ကိုလည်း မလိုလား၊ အရိုအသေပြုမှုကိုလည်း မလိုလား၊ (မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုမှုကိုလည်း မလိုလား၊ အခါကာလကိုလည်း သိတတ်၏၊ အတိုင်းအရှည်ကိုလည်း သိတတ်၏၊ စင်ကြယ်လည်း စင်ကြယ်၏၊ စကားလည်း မများ၊ သီတင်းသုံးဖော်တို့ကိုလည်း မဆဲရေး မကြိမ်းမောင်းတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။