အင်္ဂုတ္တရနိကာယ်
၇-ဒေဝတာဝဂ်
၇-သက္ခိဘဗ္ဗသုတ်
၇၁။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ်၏ အခြေခံဈာန်စသော အကြောင်းရှိသော်လည်း ထိုထိုတရားအထူး၌ သာလျှင်မျက်မှောက်ပြု ထိုက်သည့်အဖြစ်သို့ ရောက်ရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
“ဤတရားတို့ကား ဆုတ်ယုတ်သော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ မသိ။
“ဤတရားတို့ကား တည်သော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ မသိ။
“ဤတရားတို့ကား ထူးသော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ မသိ။
“ဤတရားတို့ကား (ကိလေသာကို) ဖောက်ခွဲခြင်း အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ မသိ။
ကောင်းစွာ ပြုအပ်သည်ကိုလည်း ပြုလေ့မရှိ။
လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိ။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ်၏ အခြေခံဈာန်စသော အကြောင်းရှိလတ်သော်လည်း ထိုထိုတရားအထူး၌ သာလျှင် မျက်မှောက်ပြုထိုက်သည့်အဖြစ်သို့ ရောက်ရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရှေးဘဝအကြောင်းနှင့် ယခုဘဝ့အဘိညာဉ်၏ အခြေခံဈာန်စသော အကြောင်းရှိလတ်သော် ထိုထိုတရားအထူး၌ သာလျှင်မျက်မှောက်ပြုထိုက် သည့်အဖြစ်သို့ ရောက်ရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
“ဤတရားတို့ကား ဆုတ်ယုတ်သော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ သိ၏။
“ဤတရားတို့ကား တည်သော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ သိ၏။
“ဤတရားတို့ကား ထူးသော အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ သိ၏။
“ဤတရားတို့ကား (ကိလေသာကို) ဖောက်ခွဲခြင်း အဖို့ရှိကုန်၏”ဟူ၍ဟုတ်တိုင်းမှန်စွာ သိ၏။
ကောင်းစွာ ပြုအပ်သည်ကိုလည်း ပြုလေ့ရှိ၏။
လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ်၏ အခြေခံဈာန်စသော အကြောင်းရှိလတ်သော် ထိုထိုတရားအထူး၌ သာလျှင်မျက်မှောက်ပြုထိုက် သည့် အဖြစ်သို့ ရောက်ရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။