အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၆-ဝိဝါဒမူလသုတ်

၃၆။ ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိသည် ဖြစ်၍နေ၏၊ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိသည် ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေမှုတုပ်ဝပ်မှုမရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုမရှိ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုမရှိ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုမရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့မရှိသော ရဟန်း သည်သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လပြုကုန်လော့၊ ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ အကယ်၍မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကိုနောင် အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကြကုန်လော့။

ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည့်မည်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကျေးဇူးကို ချေဖျက်တတ်၏၊ အပြိုင်ပြုတတ်၏။ပ။ ငြူစူတတ်၏၊ ဝန်တိုတတ်၏၊ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏၊ မကောင်းသော အလိုရှိ၏၊ မှားသောအယူရှိ၏၊ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။

ရဟန်းတို့ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်သူ မိမိအယူကို မြဲစွာယူတတ်သူ စွန့်လွှတ်နိုင်ခဲသူ ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ တရားတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ သံဃာတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိသည့် ရဟန်းသည် သံဃာ့ဘောင်၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများအစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ၊ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လကို ပြုကုန်လော့။

ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ၊ အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့၊ ဤသို့ ကျင့်ကုန်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည်ရှိသော်မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏၊ ရဟန်းတို့ငြင်းခုံခြင်း၏ အကြောင်း ရင်းတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။