အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-အသုရဝဂ်
၁-အသုရသုတ်
၉၁။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— အသုရာဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊ အသုရာဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်၊ နတ်ဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊ နတ်ဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ အသုရာအခြံအရံရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိသတ်သည်လည်း သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ အသုရာ အခြံအရံရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ်အခြံအရံရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလ မရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိသတ်သည်ကား သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ်အခြံအရံရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာအခြံအရံရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ထိုသူ၏ ပရိသတ်သည်ကား သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာအခြံအရံရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလ ရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံရှိ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။