အင်္ဂုတ္တရနိကာယ်
(၁၆) ၁-ဣန္ဒြိယဝဂ်
၆-ကပ္ပသုတ်
၁၅၆။ ရဟန်းတို့ ကမ္ဘာ၏ အသင်္ချေတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ကမ္ဘာပျက်ဆဲ ‘သံဝဋ္ဋကပ်’ အခါကို “ဤမျှလောက် နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှ လောက် နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှ လောက် နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။
ရဟန်းတို့ ကမ္ဘာပျက်အတိုင်း တည်နေဆဲ ‘သံဝဋ္ဋဋ္ဌာယီကပ်’ အခါကို “ဤမျှလောက် နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။
ရဟန်းတို့ ကမ္ဘာဖြစ်ဆဲ ‘ဝိဝဋ္ဋကပ်’ အခါကို “ဤမျှလောက် နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။
ရဟန်းတို့ ဖြစ်ပြီးကမ္ဘာ၏ တည်ဆဲ ‘ဝိဝဋ္ဋဋ္ဌာယီကပ်’ အခါကို “ဤမျှလောက် နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။ ရဟန်းတို့ ကမ္ဘာ၏ အသင်္ချေတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။